Monday, August 15, 2011

မြန်မာတွေ လေးစားချစ်ခင်ကြတဲ့ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်-လန်ထောင်စပ်စုလေး (၂၂-၁-၀၇)

မြန်မာတွေ လေးစားချစ်ခင်ကြတဲ့ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်-လန်ထောင်စပ်စုလေး (၂၂-၁-၀၇) 

     နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်သည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များထဲတွင် ကမ္ဘာသိ အထင်ကရ ပုဂ္ဂိုလ်တယောက် ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်၌ စင်ကာပူ နိုင်ငံတွင် အိန္ဒိယအမျိုးသားတပ်မတော်ကို ဖွဲ့စည်းခေါင်း ဆောင်ခဲ့ပြီး ဂျပန်တပ်များ၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်တပ်များနှင့်အတူ မြန်မာနိုင်ငံရောက်ခဲ့သူဖြစ်ပါသည်။ ဂျပန်ခေတ်တခေတ်လုံး မြန်မာပြည်မှာနေထိုင်ခဲ့ပြီး အိန္ဒိယလွတ်လပ်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သူဖြစ်ပါသည်။

 နေတာဂျီကိုအိန္ဒိယပြည်သူပြည်သားများက လေးစားချစ်ခင်ကြသလို မြန်မာပြည်သူပြည်သားများကလည်း လေးစားချစ်ခင်ခဲ့ကြ ပါသည်။မြန်မာပြည်သူပြည်သားများအနေဖြင့် မည်မျှအထိ နေတာဂျီအား လေးစားချစ်ခင်ခဲ့ကြသည်ကို သက်သေ အကိုးအကားတချို့နှင့် စာရေးသူ ရေးသားတင်ပြပါမည်။ အတွေးအမြင်စာစောင် စာစဉ်အမှတ် (၁၅၄) တွင် စာရေးဆရာလှမိုး (ပညာရေး) က သူ၏ “ရာဗိန္ဒြာနတ်တဂိုးနှင့် ဆူဘတ်စ်ချန်ဒရာဘို့စ်”ဆောင်းပါးတွင်
အောက်ပါအတိုင်း ရေးသားထားပါသည်။

“ကျွန်တော်တို့သည် ဆူဘတ်စ်ချန်ဒရာဘို့စ်၏အမည်ကို လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်ခန့်က မကြာခဏ ကြားခဲ့ရသည်။ သူ၏ “Azad Hind Fauj – အဇတ်ဟိန်းဖောက်(ဂ်ျ)” ခေါ် အိန္ဒိယ လွတ်လပ်ရေးတပ်မတော် ချီတက်ပွဲများတွင် ဂျပန်အလွတ်ပညာသင်ကျောင်းသားများဖြစ်ကြသော ကျွန်တော်တို့သည် အင်ကွီလပ်ဇင်းတဘက် (တော်လှန်ရေးကြီးအောင်မြင်ပါစေ) နေတာဂျီဘို့စ် ကီကျေး (ခေါင်းဆောင်းကြီးဘို့စ် ကျန်းမာပါစေ) “Chalo Delhi – ကျလို ဒေလီ” (ဒေလီကိုချီတက်ကြ) ဟူသော ကြွေးကြော်သံများကို သံပြိုင်ဟစ်အော်ခဲ့ကြရ၏။ အာရှလူငယ်အသင်းမှထုတ်ဝေသော လက်ရေး စာစောင်နှင့် နံရံကပ်စာစောင်များတွင် သူ့မွေးနေ့ကို ထိုစဉ်က ရန်ကုန်တွင် ကျင်းပပုံ၊ လျှမ်းလျှမ်း တောက်ကျော်ကြားနေသည့် အိုင်စီအက်စ်ရာထူးကို စွန့်ပယ်၍ ဗြိတိသျှနယ်ချဲ့သမားကို အိန္ဒိယပြည်မှ မောင်းထုတ်ရန်ကြိုးစားခဲ့ပုံတို့ကို ရေးသားဖော်ပြခဲ့သဖြင့် သူ့အကြောင်း ယနေ့ထိ မမေ့နိုင်။”

ထိုရေးသားချက်များသည် ဆရာလှမိုး (ပညာရေး) ကဲ့သို့ ဂျပန်ခေတ် ဂျပန်အလွတ်ပညာသင်ကျောင်း ကျောင်းသားများနှင့် အာရှလူငယ်အသင်းမှ မြန်မာလူငယ်များအပါအ၀င် ထိုခေတ်က သာမန်မြန်မာ ပြည်သူများ၏ နေတာဂျီအပေါ် လေးစားချစ်ခင်မှုများနှင့် နေတာဂျီအကြောင်း တစေ့တစောင်းတို့ကို ပေါ်လွင်စေပါသည်။

နေတာဂျီနှင့် INA အဖွဲ့သားများသည် မြန်မာနိုင်ငံအတွင်းတွင် နေရာအမျိုးမျိုး၌ နေထိုင်ကြကာ ၎င်းတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရန်ကုန်မြို့တွင် INA Rangoon Headquarter (ရန်ကုန်ဌာနချုပ်) ထားရှိကာ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်းကုန်းဆေးရုံနှင့် ကန်တော်လေး ရပ်ကွက်များတွင် INA တို့ လှုပ်ရှားခဲ့ကြပုံများ စာရေးသူ ဖတ်မှတ်လေ့လာ မေးမြန်းကြားသိခဲ့ရဖူးပါသည်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏မြို့တော် အင်ဖားမြို့မှ (၁၀) မိုင်ခန့်အကွာ မွေ့ရန်း (Moirang) ရှိ INA Martyr’s Memorial ခေါ် INA အာဇာနည်အမှတ်တရဗိမာန်၌လည်း ၎င်း INA ရန်ကုန်ဌာနချုပ်အပါအ၀င် Netaji Bhavan, Rangoon ခေါ် (နေတာဂျီဗိမာန် ရန်ကုန်) နှင့် တခြား နေတာဂျီ၊ INA နှင့် မြန်မာပြည် ဆိုင်ရာ ဓာတ်ပုံမြေပုံမှတ်တမ်းများ စာရေးသူ ကြည့်ရှုလေ့လာခွင့် ရခဲ့ဖူးပါသည်။ နေတာဂျီနှင့် INA အဖွဲ့သားများသည် ရန်ကုန်မြို့တွင်သာမက ဇေယျဝတီ၊ မန္တလေး၊ မေမြို့၊ စစ်ကိုင်း၊ ကလေး၊ ကလေးဝ၊ ကလောနှင့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် (ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်) စသဖြင့် မြန်မာပြည်အရပ်ရပ် စခန်းချလှုပ်ရှားခဲ့ကြဖူးရာ မြန်မာပြည်သူများက လေးစားချစ်ခင် အကူအညီများပေးခဲ့ကြကြောင်း မြန်မာနှင့် အိန္ဒိယနိုင်ငံထုတ် စာစောင်၊ သတင်းစာများတွင် စာရေးသူ ဖတ်မှတ်လေ့လာခဲ့ရဖူး၊ လူတွေ့မေးမြန်းကြားသိခွင့် ရခဲ့ဖူးပါသည်။

သာမန် မြန်မာပြည်သူပြည်သားများမှ နေတာဂျီနှင့် INA ကို လေးစားချစ်ခင် အကူအညီများပေးခဲ့ကြ သလို နေတာဂျီတို့နှင့် အနီးကပ်ဆက်ဆံလက်တွဲ၍ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြဖူးသော မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများသည်လည်း လေးစားချစ်ခင် အကူအညီများ ပေးခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံ၏ဖခင်ကြီး မဟတ္တမဂန္ဒီ၊ မစ္စတာ ဂျဝါဟလာနေရူးတို့မှစ၍ မစ္စစ် အင်ဒီရာဂန္ဒီ၊ မစ္စတာ ရာဂျစ်ဂန္ဒီတို့အပါအ၀င် အိန္ဒိယခေါင်းဆောင်များနှင့် ပြည်သူများ၏ လေးစားချစ်ခင် ကူညီခြင်းကို ခံခဲ့ရသည့် ယခု ၂၀၀၇ တွင် အသက်တရာပြည့်မြောက်မည့် ၀န်ကြီးချုပ်ဟောင်း ဦးနု၏ နေတာဂျီ အကြောင်း “ငါးနှစ်ရာသီ ဗမာပြည်” စာအုပ်တွင် ရေးသားထားခဲ့သည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“ဗိုလ်ရန်နိုင်နှင့် တင်ဇာမော်တို့၏ မင်္ဂလာဆောင်ပွဲသည် နီးကပ်လျက်ရှိလေပြီ။ ပွဲထိုင်တွင် နေရာချထား ရေးအတွက် အစီအစဉ်အရ အလွန်ခက်လျက်ရှိသည်။ ဂျပန်သံအမတ်နှင့် ဂျပန်စစ်သေနာပတိချုပ် တို့ကလည်း အဓိပတိ (ဒေါက်တာဘမော်) ၏ ညာဘက်တွင် ထိုင်ချင်သည်။ အဓိပတိကလည်း နေတာဂျီဘို့စ်ကို သူ့ညာဘက်တွင်ထားချင်သည်။ ပထမအစီအစဉ်ခိုင်းလိုက်သူများကို ဂျပန်များက အနိုင်ကျင့်လွှတ်လိုက်သဖြင့် ဂျပန်သံအမတ်နှင့် ဂျပန်စစ်သေနာပတိချုပ်တို့ကို ညာဘက်တွင်ထားရန် သဘောတူလာခဲ့ကြရလေ၏။
အဓိပတိသိသောအခါ အလွန်စိတ်ဆိုးလျက်ရှိလေသည်။ ဤကိစ္စအတွက်ဆေးနွေးရန် အဓိပတိသည် ကျွန်တော့်ကို (ဂျပန်ခေတ် နိုင်ငံခြားရေးဝန်ကြီးဦးနု) သံအမတ်ထံသို့ လွှတ်လိုက်လေသည်။

ကျွန်တော် – “ပြောဖို့ကတော့ တခြားဟာမဟုတ်ပါဘူး။ မင်္ဂလာဆောင်ပွဲမှာ နေရာထိုင်ခင်း စီစဉ်ရေး အတွက်ပဲ ဖြစ်တယ်။ ခင်ဗျားဟာ သံအမတ်သာဖြစ်တယ်။ နေတာဂျီဘို့စ်ဟာ အိန္ဒိယအစိုးရအဖွဲ့ရဲ့ အထွဋ်အထိပ်ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားကို ညာဘက်မှာ နေရာမပေးနိုင်ဘူး၊ နေတာဂျီဘို့စ်ကို ညာဘက်မှာပေးရလိမ့်မယ်” ဟု တုံးတိတိပြောပြီး ငြိမ်နေလိုက်၏။
ကျွန်တော့်စိတ်ထင် ဂျပန်သံအမတ်၏ရင်ဘတ်ကို တအားလွှဲထုလိုက်သလို ဖြစ်သွားသည်ဟုထင်ရ၏။

ဝန်ကြီးချုပ်ဦးနု၏ ဤရေးသားချက်များသည် မြန်မာ့ခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်း၊ ၀န်ကြီးသခင်နု၊ ၀န်ကြီးဦးထွန်းအောင် စသော မြန်မာ့ ခေါင်းဆောင်များသည် ဂျပန်လက်အောက်တွင် အခြေအနေအရ နေနေရသော်လည်း နေတာဂျီနှင့် အိန္ဒိယပြည်သူများအပေါ် လေးစားချစ်ခင်မြတ်နိုးမှုများကိုမူ မင်္ဂလာဆောင် နေရာထိုင်ခင်း စသော အသေးအဖွဲကိစ္စများပင်မချန် သတ္တိရှိရှိ ထုတ်ဖော်ဦးစားပေးလေ့ရှိကြကြောင်း သက်သေသာဓကပင် ဖြစ်ပါသည်။

နေတာဂျီနှင့် INA အပေါ် ဒေါက်တာဘမော်တို့မှ လေးစားချစ်ခင်မှု အလွန်ရှိကြသကဲ့သို့ပင် နေတာဂျီနှင့် INA တို့မှလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော် စသော မြန်မာခေါင်းဆောင်များနှင့် မြန်မာ ပြည်သူများအပေါ် လေးစားချစ်ခင်စာနာမှု အပြည့်ရှိခဲ့ကြပါသည်။ ၎င်းအချက်ကို အောက်ပါ မြန်မာ နိုင်ငံသား တရုတ်အမျိုးသားကြီး ဦးစပ်စု၏ “၇၅ နှစ်အကြား ၄၉ နှစ်အမြင် ဗမာပြည်” စာအုပ် ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က ဆောင်းပါးကောက်နုတ်ချက်တွင် တွေ့နိုင်ပါသည်။

“ထိုစဉ်ဝယ် စစ်ကားများနှင့်အတူ ကားတစင်းသည် တနာရီလျှင် မိုင် ၃၀၊ ၄၀ နှုန်းဖြင့် မောင်းလာသည်ကို တွေ့မြင်ရလေသည်။ ဤကားကို ကျွန်ုပ် သေသေချာချာကြည့်လိုက်၏။ ကားထဲတွင်ကား အိန္ဒိယ တပ်မတော်ခေါင်းဆောင် ဆူဘတ်စ်ချန်ဒရာဘို့စ် ဖြစ်နေလေသည်။ ဤအချိန်တွင် ကျွန်ုပ်သည် လက်ပြ၍ “ဆူဘတ်စ်ချန်ဒရာဘို့စ်” ဟု အော်ပြီးနှုတ်ဆက်လိုက်၏။ ဆူဘတ်စ်ချန်ဒရာဘို့စ်ကလည်း ကျွန်ုပ်အား သိပြီးဖြစ်သည့်အတိုင်း လက်ပြ၍ သူ့ကားနောက်မှလိုက်လာရန် လက်ဝှေ့ယမ်း၍ပြသွားလေသည်။ ကျွန်ုပ်တို့ကလည်း သူလက်ဝှေ့ပြသည့်အတိုင်း ဆူဘတ်စ်ချန်ဒရာဘို့စ်ကားနောက်မှ မော်တော်ကားကို မိုင် ၃၀၊ ၄၀ နှုန်းဖြင့်မောင်းကာ လိုက်သွားလေ၏။

သူ့နောက်သို့လိုက်၍ သွားလေသောအခါ စောစောကဗုံးချသည့်နေရာမှာ မရမ်းကုန်းနှင့် ရှစ်မိုင်မှာ နေသည့် ဒေါက်တာဘဟန်၏နေအိမ် ဖြစ်၍နေလေသည်။ ဗုံးတလုံးသည် သူ့နေအိမ်တည့်တည့်သို့ကျပြီး ပေါက်ကွဲ၍သွားပါသည်။ အိမ်လည်း ရစရာမရှိအောင် ပျက်စီး၍သွားလေသည်။ ကျန်ဗုံးတလုံးမှာမူ ဗုံးခိုကျင်းဝတွင် ကျလေသည်။ ဤဗုံးကား ပေါင်တရာရှိသည့် မီးလောင်ဗုံးဖြစ်နေ၏။ ထိုစဉ်က ဒေါက်တာဘဟန်က ကျောင်းဖွင့်ထား၍ ကျောင်းသားကျောင်းသူပေါင်း တရာကျော်၊ ဗုံးခိုကျင်းထဲဝယ် ရှိလေသည်။ ဤဗုံးမှာ မီးလောင်ဗုံးဖြစ်သော်လည်း မီးမလောင်ပါ။ ဘုရားသိကြားမသည်ဟု ဆိုရပေမည်။

မီးလောင်ဗုံးထဲမှ ထွက်လာသောယမ်းမှာ ကပ်စေးနဲကဲ့သို့ဖြစ်၏။ အရောင်မှာလည်း ၀ါဝါထိန်နေ၏။ ဤမပေါက်ကွဲသောဗုံးကို ဆူဘတ်စ်ချန်ဒရာဘို့စ်နှင့်ကျွန်ုပ်က သွားပြီးကိုင်ကြည့်ပါသေးသည်။ ပြီးနောက်မှ ဆူဘတ်စ်ချန်ဒရာဘို့စ်သည် ကံကောင်းထောက်မ၍ အသက်မသေသည့် ဒေါက်တာဘဟန် နှင့်သွားပြီး စကားပြောနေပါသေးသည်။

နောက် ငါးမိနစ်ခန့်သာ ကြာမည်ထင်၏။ ကျွန်ုပ်တို့ရှိရာသို့ ကားသုံးစင်းသည် အမြန်မောင်းနှင်၍ လာသည်။ ကားပေါ်မှဆင်းလာသူကား အခြားမဟုတ်၊ ဘရုတ်သုက္ခနိုင်ငံတော်၏ အဓိပတိအရှင်မင်းကြီး ဒေါက်တာဘမော်ပင် ဖြစ်နေလေသည်။ ထိုစဉ်က ဒေါက်တာဘမော်စီးသောကားမှာ ပါနေကျအလံကား ပါမလာပေ။ ပြီးနောက် နာမည်ကျော် သူ့ခေါင်းပေါင်းလည်း မပါပေ။ အဓိပတိ၏ အဆောင်အယောင်ဟူ၍ ဘာတခုမျှမပါပေ။ သည်အခြင်းအရာများကို ကြည့်ခြင်းအားဖြင့် သူသည် အပြေးအလွှားလာရကြောင်းကို သိသာနိုင်၏။ ဤသို့သော အရေးကြုံသည့်အခါမျိုးတွင် သူတို့ ညီအစ်ကိုနှစ်ယောက်သည် တယောက်နှင့် တယောက် မည်၍မည်မျှချစ်ကြကြောင်းကို သိသာနိုင်ပါ၏။

ထို့နောက်တွင် ကျွန်ုပ်နှင့် ဆူဘတ်စ်ချန်ဒရာဘို့စ်သည် မပေါက်ကွဲသော ပေါင်တရာဗုံးကို နှစ်ဦးသား တဖက်စီကိုင်၍ ရွှေ့ကြပါသည်။ နောက်ဘက်မှလူများက “ခုနေသာ ဒီဗုံးပေါက်ကွဲရင် ခင်ဗျားတို့ နှစ်ယောက် အရင်သေမှာပဲ” ဟူ၍ နောက်ပြောင်ကြပါသေးသည်။
ဤတွင် ကျွန်ုပ်က “ဟာ… ကိစ္စမရှိပါဘူး၊ ကိုယ့်မိတ်ဆွေအတွက် ကူညီရတာပဲ” ဟု ပြန်လည်၍ ပြောလိုက်လေသည်။

ထိုနေရာတွင် ကျွန်ုပ် တခုရေးလိုပါသည်။ ဒေါက်တာဘဟန်အိမ်သို့ ထိုအချိန်တွင် ဒေါက်တာဘမော် လာ၏။ ဤကား ညီအစ်ကို ဖြစ်နေ၍ဟုဆိုလျှင်လည်း ဆိုနိုင်ပါသည်။ ကျွန်ုပ်နှင့် ဆူဘတ်စ်ချန်ဒရာဘို့စ် တို့ကား ဗုံးများချနေစဉ် အေးဥသြမဆွဲမီ ဒေါက်တာဘဟန်အိမ်သို့ တနာရီလျှင် မိုင် ၃၀၊ ၄၀ နှုန်း မော်တော်ကားကို အမြန်မောင်းပြီး လာခဲ့ကြခြင်းဖြစ်ပါသည်။ မိတ်ဆွေကောင်းတို့၏ ၀တ္တရား ကျေပွန် ပါပေသည်ဟု ကျွန်ုပ်ဆိုချင်၏။ ဤအချက်ကြောင့်ပင်လျှင် ကျွန်ုပ်သည် ဆူဘတ်စ်ချန်ဒရာဘို့စ်ကို မချီးကျူးဘဲမနေနိုင်၊ ကိုယ့်မိတ်ဆွေတယောက်အနေနှင့်လည်း ကြည်ညိုလေးစားမိသည်။ အရေး ကြုံကြိုက်၍လာသောအခါ မိတ်ဆွေစစ်သည်၊ မစစ်သည်ကို သိနိုင်၏။ ကျွန်ုပ်၏မိတ်ဆွေ ဆူဘတ်စ် ချန်ဒရာဘို့စ်၏အကြောင်းကို သိရလေပြီ။

သည့်နောက်ပိုင်းအချိန်များတွင်မူကား ကျွန်ုပ်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း၊ ဆူဘတ်စ်ချန်ဒရာဘို့စ်၊ ယာနာကိမူဒါ (၁၉၄၅ ခုနှစ်အထိ ဗမာပြည်ကိုအုပ်ချုပ်သွားသော ဂျပန်စစ်ဗိုလ်ချုပ်ကြီး) တို့သည် အရေးကြီးသော ကိစ္စကြီးငယ်ရှိလေတိုင်း မကြာမကြာ လူချင်းဆုံတွေ့ကြ၏။ ထိုအခါက ယာနာကိ မူဒါပြောသည့် စကားတခွန်းမှာ “ဂျပန်စစ်သားသိန်းသုံးဆယ်၊ သိန်းလေးဆယ်ခန့်ဟာ တရုတ်ပြည်မကြီး ကိုသွားတိုက်တာ နွံထဲနစ်တဲ့စစ်သားတယောက်လိုဖြစ်နေတယ်။ နုတ်လို့မရတော့ဘူး။ နို့မဟုတ်ရင် ဒီစစ်အင်အားနဲ့ အိန္ဒိယပြည်ဘက်ကို ဆက်လက်သိမ်းပိုက်လိုက်ရရင် ခုလောက်ဆိုရင် ရနေပြီ။ အာရှတိုက်ကြီးမှာ အိန္ဒိယ၊ တရုတ်၊ ဗမာနဲ့ နိပွန်ဂျပန်တို့ ပေါင်းစပ်မိရင် မျက်နှာဖြူ ဥရောပတိုက် သားတွေကို ကြောက်နေဖို့မလိုတော့ဘူး။ အင်္ဂလိပ်ဆိုတာဟာ အမှန်တော့ စက္ကူကျားရုပ်သာဖြစ်ပါတယ်“ ဟူ၍ ပြောပြဖူး၏။ ဤစကားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဆူဘတ်စ်ချန်ဒရာဘို့စ်တို့ အသိပင်ဖြစ်လေသည်။

ကျွန်ုပ်နှင့် ဆူဘတ်စ်ချန်ဒရာဘို့စ်သည် နေ့စဉ်လိုလိုတွေ့၏။ သည့်အတွက်ကြောင့်လည်း သူ၏ အလိုလို ရိုးသားပြီး ကြင်နာတတ်သောစိတ်ဓာတ်ကို သိရှိခွင့်ရလေသည်။ ကြာကြာပေါင်းသင်းပြီး သူတို့ကို လေ့လာကြည့်သောအခါ သူ့အကြောင်းကို ပို၍ပို၍ သိရှိလာ၏။ သို့သိရှိလာလေတိုင်း သူ့အပေါ်ကို တိုး၍သာ ကြည်ညိုလေးစားစိတ်က ယိုဖိတ်လာခဲ့လေ၏။”

မြန်မာပြည်သား တရုတ်အမျိုးသားကြီးဦးစပ်စု၏ ၎င်းဆောင်းပါးသည် နေတာဂျီ၏ သတ္တိရှိမှုနှင့် မိတ်ဆွေ ကောင်းပီသမှုများကို မြန်မာခေါင်းဆောင်ကြီးများသာမက တရုတ်၊ ဂျပန် စသော လူမျိုးခြားများကလည်း အသိအမှတ်ပြု လေးစားချစ်ခင်ခဲ့ကြကြောင်း သာဓကပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဒေါက်တာဘမော်က သူ၏ The Brief History of Burma စာအုပ်တွင် ဘို့စ်သည် တခါတွေ့လျှင် တသက်မမေ့နိုင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဘို့စ်က ဂျပန်ကိုလည်း တိုက်ရမှာပဲဟုပြောဖူးကြောင်း ရေးသားထားသည်ဟု မှတ်သားရဖူးပါသည်။

နေတာဂျီနှင့်ပတ်သက်၍ ပြောပြရေးပြစရာများ အလွန်များပြားစွာရှိနေသေးသော်လည်း အရေးကြီးဆုံး အနေဖြင့် အထူးတင်ပြလိုသည်မှာ ၁၉၄၁ ခုနှစ်ကတည်းက သိကျွမ်းရင်းနှီး လေးစားချစ်ခင်ခဲ့ကြပြီး တဦးနှင့်တဦး သွေးသားရင်းချာပမာ ဆွေးနွေးညှိနှိုင်း ကူညီလေ့ရှိကြသည့် နေတာဂျီနှင့် ဗိုလ်ချုပ်အောင် ဆန်းတို့သည် တဦးနှင့်တဦး ကွေကွင်းကွဲကွာ မဆုံတွေ့နိုင်ကြရတော့သည့် အခြေအနေတွင်လည်း မူလအတိုင်း သစ္စာမပျက် တဦးအပေါ်တဦး ထာဝရ လေးစားချစ်ခင်မြဲဖြစ်ကြောင်း သက်သေဖြစ်သည့် ကောက်နုတ်ချက်တခုပင်ဖြစ်ပါသည်။

၎င်းကောက်နုတ်ချက်ကို (၂၆-၉-၂၀၀၆) နေ့ထုတ် (Imphal Free Press) သတင်းစာတွင် Priyadarshni M Gange ရေးသားသည့် Netaji and the National Freedom Movement ဆောင်းပါး၌ စာရေးသူ ဖတ်ခဲ့ရခြင်းဖြစ်ပါသည်။ ဆောင်းပါးရှင်က The Burma Digest Vol.I, 15 August 1946, p 7-8 တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားခဲ့သည့် Welcome, Mr. Sarat Bose (ကြိုဆိုပါသည် မစ္စတာ ဆာရတ်ဘို့စ်) ဟု ခေါင်းစဉ်တပ်ထားသောဆောင်းပါးမှ ကောက်နုတ်၍ “၎င်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အောက်ပါမှတ်ချက်ကို သတိပြုရန် သက်ဆိုင်ဆက်စပ်နေပါသည်“ ဟု ညွှန်းဆိုထားပါသည်။ ၎င်းဗိုလ်ချုပ် အောင်ဆန်း၏မှတ်ချက် မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

“လွန်ခဲ့သော သုံးလေးနှစ်အတွင်းက နိုင်ငံခြားသားအုပ်ချုပ်သူများကို သူ့တိုင်းပြည်မှ မောင်းထုတ်ရေး ကြိုးပမ်းခဲ့သည့် နေတာဂျီဆူဘတ်စ်ချန်ဒရာဘို့စ်၏ ကြိုးပမ်းမှုများသည် အိန္ဒိယမျိုးချစ်တယောက်အနေ နှင့် သူ့အတွက် လုံးဝမှန်ကန်ပါသည်။ ဗြိတိသျှအင်ပါယာတို့၏ အုပ်စိုးမှုနှင့် ဂျပန်ဖက်ဆစ်တို့၏ လွှမ်းမိုးမှု နှစ်ခုစလုံးနှင့်ပတ်သက်၍ ကျွန်ုပ်တို့တိုင်းပြည်တွင် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သော အရာများအတွက် ပြည့်စုံစွာ ထုချေရှင်းလင်းရန် ဆန္ဒရှိပါသည်။ ၎င်းလုပ်ရပ်များအတွက်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ဂုဏ်ယူလျက်ရှိပါသည်။ ကျွန်ုပ်တို့ မှန်ကန်သောခြေလှမ်းများ လှမ်းခဲ့သည်ဟု မယူဆကြသောကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည်များကို သဘောမတူနိုင်ကြသူများ အိန္ဒိယနိုင်ငံရော မြန်မာနိုင်ငံတွင်ပါ အချို့သောသူများအကြား၌ ရှိကောင်းရှိနေနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နေတာဂျီတို့၏ မျိုးချစ်စိတ်ဓာတ်တို့ကိုမူ မည်သူက ငြင်းပယ်ဝံ့ပါသနည်း။ သို့မဟုတ် စိမ်ခေါ်ဝံ့ပါသနည်း။ ကျွန်ုပ်တို့ လမ်းမှားများ လျှောက်ခဲ့ကြသည်ဟု မည်သူက အတိအကျ ပြောဝံ့ပါသနည်း။ ၎င်းအတွက် မှန်ကန်သော စီရင်ဆုံးဖြတ်ချက်ကို အတိအကျပေးနိုင်သူမှာ ကျွန်ုပ်တို့အားလုံး ဘယ်သူမှမဟုတ်ကြဘဲ ‘သမိုင်း’ တခုတည်းသာလျှင် ဖြစ်ပါကြောင်း။”

ဗိုလ်ချုပ်အောင်ဆန်းသည် သူကိုယ်တိုင် အကျဉ်းအကျပ် အခက်အခဲ ပြဿနာပေါင်းစုံနှင့် အလွန် အလုပ်များနေသည့်ကြားမှ နေတာဂျီ၏ညီငယ် Mr. Sarat Bose ကို ကြိုဆိုတိုင်တည်အားပေး၍ ၎င်းဆောင်းပါးကို ပြတ်ပြတ်သားသား ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဗြိတိသျှတို့ကိုရော ဂျပန်ကိုပါ ပြည်သူပြည်သားများအပေါ် မတရားလုပ်သော မည်သူ့ကိုမဆို သမိုင်း၏ စီရင်ဆုံးဖြတ်မှုကို ရဲရဲဝံ့ဝံ့ခံယူ၍ အိန္ဒိယနှင့် မြန်မာပြည်သူတို့ ပူးပေါင်းတော်လှန် အနိုင်ယူကြမည့်အကြောင်း တာဝန်ကျေပွန်စွာ ဆော်သြထားခြင်းလည်း ဖြစ်ပါသည်။

အထက်ပါ သက်သေသာဓကများအရ အိန္ဒိယတပ်မတော်ကြီးကို ဦးစီးတည်ထောင်ခဲ့သူနှင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းခဲ့သူ ဦးစီးခေါင်းဆောင်ကောင်းကြီးတဦးဖြစ်သော နေတာဂျီ ဆူဘတ်စ်ချန်ဒရာ ဘို့စ်ကို မြန်မာ့တပ်မတော်နှင့် လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာပြည်သူများက ခေတ်အဆက်ဆက် လေးစားချစ်ခင် ကြည်ညိုအားထားခဲ့ကြကြောင်း စာဖတ်သူတို့ သဘောပေါက်ပြီးဖြစ်မည်ဟု ထင်ပါသည်။

ယခု ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက် နေတာဂျီ၏မွေးနေ့ အခါသမယတွင် နေတာဂျီဆူဘတ်စ် ချန်ဒရာဘို့စ်ဖောင်ဒေးရှင်းမှ နေတာဂျီ၏မိတ်ဆွေကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ မြန်မာ့ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆု ချီးမြှင့်မည်ဟု ကြားသိရရာ “ကျလို့ နေပြည်တော် ကျပ်ပြေး ပျဉ်းမနား” (Chalo Pyinmana Nepyidaw Kyat Pyee!) ပျဉ်းမနားကျပ်ပြေးနေပြည်တော်သို့ မြန်မာပြည်သူများနှင့် မိတ်ဆွေများအားလုံးချီတက်ကြ ဟု စာရေးသူ အားပါးတရ ကြွေးကြော်မိရပါကြောင်း၊ နေတာဂျီဆူဘတ်စ်ချန်ဒရာဘို့စ်ကို လေးစားချစ်ခင် ကြည်ညိုအားထားကြသည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားကြသူ မြန်မာပြည်သူများ၏ကိုယ်စား ဆုချီးမြှင့်ပေးသည့်အဖွဲ့နှင့် အိန္ဒိယ ပြည်သူများအား အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဤဂုဏ်ပြုဆောင်းပါးဖြင့် အသိပေးအပ် ပါသတည်း။ ။

(အကိုးအကားစာအုပ်စာတမ်းများ ငှားရမ်းကူညီကြသော ကိုပေါက်၊ ကိုချမ်း၊ ကိုဇေယျတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း)
ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေးဖြင့်၊ အေးငြိမ်းချမ်းသာရကြပါစေ။

No comments:

Post a Comment