Sunday, September 4, 2011

နေတာဂျီဆူဘတ်စ်ချန်ဒရာဘို့စ်အတွက် ကျသောမျက်ရည်များ


နေတာဂျီဆူဘတ်စ်ချန်ဒရာဘို့စ်အတွက် ကျသောမျက်ရည်များ

(နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဆုရ ဒေါ်အောင်ဆန်းစုကြည် နှင့်  
နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်၏ အသက် ၁၁၀-ပြည့်မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)

လန်ထောင်စပ်စုလေး

မြန်မာ့ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် အား  နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် ဖေါင်ဒေးရှင်းမှ ပထမဦးဆုံးသော နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဆု”   ကို ၂၀ဝ၇-ခုနှစ် ဇန်နဝါရီလ ၂၃-ရက် နေတာဂျီ ဆူဘတ်စ် ချန်ဒရာဘို့စ်၏အသက် ၁၁၀-ပြည့်မွေးနေ့ တွင်ချီးမြှင့်ကြောင်းကြေငြာမည်ဟု ကြားသိရခါစက စာရေးသူ အတိုင်းမသိ ဝမ်းသာမိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုကိုလက်ခံရယူရေး အနောက်ဖက်ဒေသလွတ် မြောက်နယ်မြေ နယူးဒေလီမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဆုချီးမြှင့်မည့်အဖွဲ့မှ ပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးကြရာတွင် ပါဝင်ခွင့်ရခဲ့ခြင်း၊ စာရေးသူရေးသားထားသည့် နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်ပျောက်ဆုံးမှုရှာဖွေခြင်း အင်္ဂလိပ်လိုဆောင်းပါး ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခွင့်ရခဲ့ခြင်း၊ စာရေးသူ၏အဖေ ဦးစပ်စုမှာ   ဗိုလ်ချုပ်အောင်ဆန်း၊ နေတာဂျီ  ဆူဘတ်စ်ချန် ဒရာဘို့စ်တို့နှင့် ရင်းနှီးချစ်ခင်သော နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်ဖြစ်ကြောင်း မိတ်ဆက်ပေးခြင်း ကိုခံရခြင်း တို့ကြောင့် စာရေးသူအဖို့ ပိုမိုဝမ်းသာ ဂုဏ်ယူပီတိဖြစ်မိရပါသည်။
ဤဆုချီးမြှင့်ရခြင်းမှာဗိုလ်ချုပ်အောင်ဆန်း နှင့် နေတာဂျီ     တို့သည် နိုင်ငံရေးအရရော မိသားစုချင်းပါ ရင်းနှီးကျွမ်းဝင် လေးစားချစ်ခင်ခဲ့ကြပြီး   ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဆောင်ရွက်သူများကိုလည်း တနည်း တလမ်း အားပေးကူညီလို၍ဖြစ်ကြောင်း နယူးဒေလီရှိ နေတာဂျီ၏ ALL INDIA FORWARD BLOC တွင် ရှင်းပြကြသည်ကို သိရှိခွင့်ရသောအခါတွင်မူ  လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်နေအိမ်အကျယ်ချုပ်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်  တို့ကို စိတ်အာရုံတွင် မြင်ယောင်ရင်း မြန်မာပြည်အရေးအတွက် စာရေးသူအတိုင်းမသိ ဝမ်းနည်းဝမ်းသာ မျက်ရည်ကျမိသည်အထိ ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် အကြောင်း ရေးသားတင်ပြစရာများစွာ ရှိနေသော်လည်း စာရေးသူ သိရှိထားသော နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် အတွက် ဝမ်းသာဝမ်းနည်း မျက်ရည်ကျဘူးသူတချို့အကြောင်းကိုသာ အဖေဦးစပ်စု၏ ဆောင်းပါးများကို အဓိက ကိုးကား၍ဖေါ်ပြသွားမည်ဖြစ်ပါသည်။
+++++++
၁၉၆၃ ခုနှစ် တွင် ထုတ်ဝေခဲ့သော ဦးစပ်စု၏ ၇၅နှစ်အကြား ၄၉နှစ်အမြင် ဗမာပြည်   စာအုပ် အိန္ဒိယသံရုံးသို့ပို့သည့် စာတစ်စောင်”  ဆောင်းပါးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အချိန်တို့သည် တရွေ့ရွေ့ဖြင့်ကုန်လွန်လာခဲ့၏။ သို့တိုင်အောင် ကျွန်ုပ်တို့သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကိုမမေ့။ အချိန်ပြည့် သတိရလျက်ပင်ရှိနေသေးသည်။ ဆူဘတ်ချန်ဒရာဘို့(စ်)ကို လွမ်းဆွတ်သတိရလေတိုင်း သူ့အကြောင်းကို စုံစမ်းကြည့်လေသည်။
ကျွန်ုပ်အဖို့ ဤသည်ကပင်လျှင် အလုပ်ဝတ္တရားသဖွယ်ဖြစ်၍ နေလေ၏။ မိတ်ဆွေကြီး ဆူဘတ် ချန်ဒရာဘို့(စ်)သည် နက်ရှိုင်းလှသော ပင်လယ်ထဲ၌ လေယာဉ်ပျက်ကျ၍ သေသည်မဟုတ်။ ဤသို့ဖြစ်လေကလည်း ကျွန်ုပ်အနေနှင့် ဆက်လက်စုံစမ်းစရာ လိုမည်မထင်ပေ။ စုံစမ်းသည့် တိုင်အောင် သဲလွန်စရရန် ဝေးလေစွ။
ဒေါက်တာဘမော်၏စကားအရ တိုင်ဟိုကူးဆေးရုံ ၌ ဆူဘတ်ချန်ဒရာ ဘို့(စ်) သေဆုံး ကြောင်း သိရသည်။ ယင်းသို့ ဆေးရုံ၌သေဆုံးပါလျှင် သူနှင့် မဟာမိတ်ဖြစ်သော ဂျပန်အစိုးရ ကလည်း ဤအတိုင်းကြည့်၍ နေလေမည်မဟုတ်ဟု ကျွန်ုပ်ထင်ပါသည်။ ကျွန်ုပ်၏ ယူဆ ချက်ထဲတွင် ဆူဘတ် ချန်ဒရာဘို့(စ်)၏ အရိုးပြာသည် ဂျပန်ပြည်၌လည်းကောင်း၊ တိုင်ဟိုကူး ဆေးရုံ၌လည်းကောင်း၊  သို့တည်းမဟုတ် တစ်နေရာရာတွင်လည်းကောင်း ရှိရပေမည်။ ထို့ကြောင့် လည်း မရမနေ စုံစမ်းကြည့်ပါသည်။
ဆူဘတ်ချန်ဒရာဘို့(စ်)၏အကြောင်းကား လိုက်လေဝေးလေဖြစ်နေပါသည်။ တကယ့် တကယ် စုံစမ်းကြည့်လေသောအခါ သတင်းအစအနပင်ပျောက်ဆုံး၍နေသည်ကိုတွေ့ရ၏။ သို့သော်ကျွန်ုပ်သည် စိတ်မလျော့သေးပေ။ ဝီရိယ သန်သန်ဖြင့် နေ့စဉ်ရက်ဆက် စုံစမ်းခြင်းအမှုကို ပြုနေပါသည်။ သို့ဖြင့် ရက်တွေကုန်၊ လတွေပြောင်း၊ နှစ်တွေပင် နှောင်းလာခဲ့ပေပြီ။
တစ်နေ့သောအခါတွင် ကျွန်ုပ်သည် မမျှော်လင့်ပဲနှင့် သတင်းကောင်းတစ်ခုကို ရလိုက်ပါ သည်။ ထိုသတင်းသည်ကား ဟောင်ကောင်မြို့ထုတ် နေ့စဉ်သတင်းစာကြီးများနှင့် ဗမာပြည်ရှိ သတင်းစာများ၌ဖြစ်လေသည်။ ဤသတင်းစာများထဲတွင်...။
၁၉၅၇-ခုနှစ်၊ အောက်တိုဘာလ ၁၂-ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးသည် ဂျပန်ပြည် တိုကျိုမြို့အနီးက(အန်ကူတီ) ဂျပန်ဘုရားရှိခိုးကျောင်းသို့သွားသည်။ ထိုဘုရားကျောင်း ဝယ်ရှိသော အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာထည့်ထားသော မှန်သေတ္တာကို ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသည့် ရွှေကျောင်းဆောင်အတွင်း ကိုယ်တိုင်ရွှေ့ ပြောင်း၍ ထား၏။ ထို့နောက်မှ မစ္စတာနေရူးသည် ဂျပန်အစိုးရနှင့်တိုင်ပင်ပြီး ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာသေတ္တာကို သူကိုယ်တိုင်ခေါင်းဆောင်ပါဝင်မည့် ကော်မတီတစ်ဖွဲ့ ဖွဲ့စည်း၍ အခမ်းအနားဖြင့် အိန္ဒိယပြည်သို့ ယူဆောင်လာမည်။ ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာကို သူ၏မွေးရပ်ဇာတိ  (Sughas Road, Calcutta) ၌ဖြစ်စေ၊ အိန္ဒိယပြည်၏မြို့တော် ဒေလီ၌ဖြစ်စေ၊ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီ၏ဂူအနီး၌ဖြစ်စေ၊ ထားမည်ဖြစ်ကြောင်းကို ဂျပန်ပြည်၌ပြော၏။
ထိုသတင်းကို သတင်းစာအသီးသီး၌ တစ်ခမ်းတစ်နားဖေါ်ပြထားသည်ကိုဖတ်ရှုရလေ သည်။ ကျွန်ုပ်အဖို့ဝမ်းသာလွန်းဆို့လုမတတ်ပင် ပီတိသောမနဿဖြစ်သွား၏။ ဘယ့်အတွက်ဆိုပါမူ ကျွန်ုပ် အနှစ်နှစ် အလလ အရက်ရက်က စုံစမ်းရှာဖွေခြင်းပြုနေသော ဆူဘတ်ချန် ဒရာဘို့(စ်) ၏အကြောင်းကို သိရလေသောကြောင့် ဖြစ်ပါသည်။
ထို့နောက်တွင် အောက်တိုဘာလ ၁၆-ရက်နေ့၌ အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးသည် ရန်ကုန်မြို့သို့ လာရောက်မည့်အကြောင်းကို သတင်းစာထဲ၌ ဖတ်ရှုရပြန်လေသည်။ ထို့ကြောင့် မဆိုင်းတစ်ခဏအတွင်းမှာပင် ကျွန်ုပ်သည် အိန္ဒိယသံရုံးသို့ စာတစ်စောင် ရေးပို့လိုက်ပါသည်။ စာမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၏။ ထိုစာ၏အနက်အဓိပ္ပါယ်ကို မြန်မာဘာသာဖြင့် ဆီလျော်အောင်ပြန်ဆိုရေးသားရလျှင် ...
အိန္ဒိယသံရုံး (ရန်ကုန်မြို့)
နေ့စွဲ။ ၁၄-ရက်။
အောက်တိုဘာ ၁၉၅၇။
သက်ဆိုင်ရာလူကြီးမင်းများခင်ဗျား။
အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးသည် ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာရှိရာ ဂျပန်ပြည် တိုကျိုမြို့အနီး(အန်ကိုတီ) ဂျပန်ဘုရားရှိခိုးကျောင်းသို့ သွားပြီး ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ရွှေကျောင်းဆောင်ကို ကိုယ်တိုင်ထည့်သွင်းကြောင်းသိရ၍ များစွာပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ပြီးလျှင် ဝန်ကြီးချုပ်မစ္စတာနေရူးဦးစီးသော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာသေတ္တာကို အိန္ဒိယသို့ယူဆောင်လာမည့် အကြောင်းကိုလည်း သတင်းစာအသီးသီး၌ ဖတ်ရှု တွေ့မြင်ရပါသည်။
ဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ကျွန်တော်သည် လွန်စွာမှခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ကျွန်တော်တို့သုံးဦးသည် လွန်စွာ မှ ခင်မင်ရင်းနှီးသော ရဲဘော်ရဲဘက်၊ ဂျပန်ခေတ်က အလုပ်အတူတွဲလုပ်ဘက်များ ဖြစ်ကြပါသည်။
ဂျပန်ခေတ်တွင် ဒေါက်တာဘမော်၏ အစ်ကို(ဒေါက်တာဘဟန်)အိမ်ကို ဗုံးကျစဉ်ဝယ် ကျွန်တော်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)သည် ပေါင်၁၀ဝ-ရှိသည့် မပေါက်ကွဲသော မီးလောင်ဗုံးကို  တစ်ဖက်စီကိုင်၍ မခဲ့သူများ ဖြစ်ကြပါသည်။ ဤသို့ ခင်မင်ရင်းနှီးသော ကိုယ့်မိတ်ဆွေ ဆူဘတ်ချန်ဒရာ ဘို့(စ်)၏ အရိုးပြာကို ဂျပန်ပြည်မှ အိန္ဒိယပြည်သို့ ယူဆောင်မည့် ကော်မတီတွင် လိုက်ပါခွင့် ပြုပါမည့် အကြောင်း ပန်ကြားအပ်ပါသည်။
၁၉၅၅-ခုနှစ်၊ ဧပြီလ ၁၅-ရက် နေ့က ဗမာပြည် တွင် တရုပ်ပြည်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ ဝန်ကြီးချုပ်မစ္စတာနေရူး၊ အာရပ်ပြည်ထောင်စု သမ္မတ နိုင်ငံမှ သမ္မတ ကာနယ် ရာဇတ်တို့သည် သင်္ကြန် ရေသဘင်ကို တိုင်းရင်းသားမြန်မာဝတ်စုံဖြင့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်တော်လည်း ဂျပန်ပြည်မှ ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာသေတ္တာကို အိန္ဒိယပြည်သို့ ယူဆောင်လာသော အခါ၌ ကျွန်တော်သည် အိန္ဒိယအမျိုးသားဝတ်စုံကို ဝတ်ပြီး သွားပါမည့်အကြောင်း။
ချစ်ကြည်လေးစားစွာဖြင့်
ဦးစပ်စု

အောက်တိုဘာလ ၁၆-ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးသည် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာ၏။ ကျွန်ုပ်သွားရောက်ကြိုရန် အခွင့်ရလေသည်။ ထိုစဉ်က ကျွန်ုပ်သည် မြန်မာ တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ထားလေသည်။
၁၆-ရက်နေ့ နံနက်ပိုင်းထုတ် အင်္ဂလိပ်သတင်းစာကြီးများတွင် ကျွန်ုပ် အိန္ဒိယသံရုံးသို့ ပေးပို့သောစာအကြောင်းကို တစ်ခမ်းတစ်နားရေးသားဖေါ်ပြထားသည်ကို တွေ့မြင်ရပါ၏။ (ဦးစပ်စု ၏စာအကြောင်းသတင်းစာတွင်ဖေါ်ပြချက်ကို Burma Digest English Section " Searching for Disappearance of Netaji Subhas Chandra Bose"  ဆောင်းပါးတွင်ဖတ်ရှုနိုင်ပါသည်။  ဦးစပ်စု ၏မူရင်းဆောင်းပါး၌ ဝန်ကြီးချုပ်ဦးနု၊ မစ္စတာနေရူး၊ ဦးစပ်စု နှင့် ခင်မေညွန့်တို့၏ သတင်းစာပါ ဓါတ်ပုံကိုလည်းတွေ့ရပါသည်။)
+++++++

ထို့နောက် ဦးစပ်စု၏  “ကြုံခဲ့ရသည်” ဆောင်းပါးပါ ကောက်နှုတ်ချက် အချို့ကို ဆက်လက်ဖတ်ရှု့ကြည်စေလိုပါသည်။
အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးသည် အိန္ဒိယပြည်သို့ ပြန်၍သွားလေပြီ။ သည့်နောက် ၂-ရက်အကြာတွင် ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)၏အရိုးပြာအိုး အိန္ဒိယပြည်သို့ ယူဆောင်လာရေးကိစ္စနှင့်ပတ်သက်၍ ဗမာပြည်ရှိအိန္ဒိယသံရုံးသို့ သွားရောက်မေးမြန်းစုံစမ်းကြည့် လေသည်။ ထိုအခါ အိန္ဒိယသံရုံးရှိ ပထမအတွင်းဝန်  (D. Muruge San) က ကျွန်ုပ်အား စကား ပြန်နှင့်ပြန်လည်၍ ပြောကြားသည့်စကားမှာ “ကျွန်တော်တို့ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာ ဘို့(စ်)ကို အလေးထားတဲ့ မိတ်ဆွေအား အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို သွားရောက်ယူငင်တဲ့အခါမှာ မိတ်ဆွေလည်း လိုက်ပါရန် ကြိုတင်ပြီး အကြောင်း ကြားပါ့မယ်”  ဟူ၍ ပြန်ပြောပါသည်။
လွန်စွာခင်မင်ရင်းနှီးသော မိတ်ဆွေကြီးဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ပတ်သက်၍ ကျွန်ုပ် ထင်မြင် ယူဆချက်တစ်ခုကို တင်ပြလိုပါသည်။ အကယ်တန္တု ထိုစဉ်က ဆူဘတ်ချန်ဒရာ ဘို့(စ်) သည် ဗမာပြည်၌သော်လည်းကောင်း၊ သို့မဟုတ် နယ်ချဲ့အင်္ဂလိပ် ဩဝါဒလွှမ်းမိုးသော နေရာတစ် နေရာ၌သော်လည်းကောင်း အသက်ရှင်လျက်ရှိနေပါမူ ဧကန်ဧကအဖမ်းခံရမည်မှာ သေချာပါ၏။ ယုတ်စွအဆုံး အမေရိကန်တို့ရှိသော နေရာများ ၌ပင်လျှင် အင်္ဂလိပ်၏ဩဇာပေးမှုနှင့် အချုပ်ခံရ မည်မှာ အသေအချာဖြစ်ပါသည်။ တစ်ချိန်တုန်းက ဗမာပြည်၏ အဓိပတိကြီးဒေါက်တာ ဘမော်ပင်လျှင် အင်္ဂလိပ်အစိုးရက အမေရိကန်အား ဖမ်းဆီးခိုင်းသည့် သာဓကရှိပါသည်။ ထို့ကြောင့် အနှီကဲ့သို့ အိန္ဒိယ၏လွတ်လပ်ရေးကို ကြိုးပမ်းနေသော ခေါင်းဆောင် ကြီးတစ်ဦးကို အဘယ်မှာလျှင် ကြည့်၍နေပါမည်နည်း။
ဆူဘတ်ချန်ဒရာဘို့(စ်)သည် ဂျပန်ပြည်သို့ လေယာဉ်ပျံဖြင့် ထွက်၍ပြေးသည်ကား သဘာဝ ကျသည်။ လမ်း၌ လေယာဉ်ပျက်ပြီး မီးလောင်၍သာသေဆုံးခဲ့ရသည်။ အကယ်၍သာ အသက်နှင့် ခန္ဓာမြဲနေပါမူ ရန်သူ့ထံ၌ အညံ့ခံဒူးထောက်ပြီး အဖမ်းခံမည့်လူစားမျိုး မဟုတ်ဟု ကျွန်ုပ်ယူဆပါသည်။ ထိုသို့သော ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်စုံသူတစ်ယောက်  ကျွန်ုပ်တို့အာရှတိုက်၌ ရှိနေခြင်းသည် အိန္ဒိယပြည်အတွက်လည်းကောင်း၊ ကျွန်ုပ်ကဲ့သို့ ရင်းနှီးခင်မင်သော သူတစ်ယောက် အတွက်လည်းကောင်း ဂုဏ်ယူစရာ မဟုတ်တုံလော။
များလှစွာသော အိန္ဒိယအမျိုးသားများသည် ဗမာပြည်၌မွေးဖွားပြီး ဗမာပြည်၌သေကြမည့် သူများဖြစ်ကြပါသည်။ သူတို့၏အိန္ဒိယခေါင်းဆောင်ကြီးများနှင့်အတူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ ကြည်ညိုလေးစားသည်ကို တွေ့မြင်ရ၍ များစွာပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ဗမာ၊ တရုပ်၊ အိန္ဒိယအမျိုးသားများသည် လူမျိုးအားဖြင့်သာ ကွဲပြားခြားနား နေသော်လည်း အမှန်စင်စစ်အားဖြင့် ကိုယ့်အာရှတိုက်သားများပင် မဟုတ်ပါလော။
+++++++++
တိုကျိုတွင် အတူတူ မျက်ရည်ကျခဲ့သည်” ဆောင်းပါးပါကောက်နှုတ်ချက်များမှာမူ အောက်ပါအတိုင်းဖြစ်ပါသည်။
ကျွန်ုပ်သည် အိန္ဒိယခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို ဂျပန်ပြည်မှ အိန္ဒိယသို့ယူဆောင်ရေးအဖွဲ့ထဲတွင် ပါဝင်လေသည်။ ထိုအချိန်တိုင်အောင် ကျွန်ုပ်က မစောင့်နိုင် ပေ။ ကိုယ်အလွန်ချစ်မြတ်နိုးသောမိတ်ဆွေတစ်ယောက်ကို တွေ့လိုသောဇောက ထိန်းမရ အောင်ပင် ခံစားနေရပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်သည် ဗမာပြည်ရှိ အိန္ဒိယသံရုံးသို့သွားပြီး အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ပြောပြသည့်အကြောင်း အရာမှာ  “ကျွန်တော်ဟာ ဂျပန်ပြည်မျာရှိတဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာကို  အိန္ဒိယယူဆောင် လာတဲ့အခါမှာ နယူးဒေလီကို သွားပါမယ်။ ခုလည်း ကျွန်တော့်မိတ်ဆွေ ဆူဘတ်ချန်ဒရာ ဘို့(စ်)အရိုးပြာရှိတဲ့ ဂျပန်ပြည်ကိုလည်း တစ်ခေါက်လောက်သွားပြီး အလေးပြုချင်ပါတယ်။ ဒါ့ကြောင့် သံအမတ်ကြီးက ထောက်ခံစာရေးပြီး ဂျပန်ပြည်မှာရှိတဲ့ အိန္ဒိယသံရုံးကို သံကြိုးစာ တစ်စောင်ရိုက်ပေးစေလိုပါတယ်”ဟူ၍ ပြောပြလေသည်။
ကျွန်ုပ်၏စကားကိုကြားလေသော အိန္ဒိယသံအမတ်ကြီးက အားရဝမ်းသာဖြစ်သွား၏။ ပြီးမှ ကျွန်ုပ်အား ...
အခုလို အိန္ဒိယခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဆူဘတ်ချန်ဒရာဘို့(စ်)ကို မိတ်ဆွေ တစ်ယောက်အနေနဲ့ သွားရောက်အလေးပြုမယ်လို့ ကြားသိရတာ လွန်စွာမှပဲဝမ်းမြောက်ပါတယ်။ မိတ်ဆွေအတွက် ထောက်ခံစာလည်း ရေးပေးပါ့မယ်။ ဂျပန်ပြည်မှာရှိတဲ့ အိန္ဒိယသံရုံးကိုလည်း သံကြိုးရိုက်ပြီး အကြောင်းကြားလိုက်ပါ့မယ်။ စိတ်သာချနေပါ”။
ထို့နောက်ကျွန်ုပ်တို့မိသားစုသုံးယောက်သည် လေယာဉ်ပျံဖြင့် ၁၉၅၇-ခုနှစ် ဒီဇင်ဘာလ ၁၁-ရက်နေ့၌ ဂျပန်ပြည်နီပွန်နိုင်ငံတော်သို့ ကောင်းမွန်စွာရောက် သွားလေသည်။ ဂျပန်ပြည်သို့ ရောက်လေသောအခါ အိန္ဒိယသံအမတ်ကြီးအား ဗမာပြည်ရှိ အိန္ဒိယသံ အမတ်ကြီး ရေးပေးလိုက် သောထောက်ခံလွှာကို ကိုယ်တိုင်ပင် သွားရောက်၍ ပေးပါသည်။ ထို့နောက်တွင် ဂျပန်ပြည်တွင် ရှိသော အိန္ဒိယသံရုံး၊ ဗမာသံရုံးကား ကျွန်ုပ်အား အစစအရာရာ များစွာကူညီမှုကိုပြုပါသည်။ ယင်းကြောင့် ကျေးဇူးလည်းအထူးပင်တင်ပါ၏။
၁၉၅၇-ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် အိန္ဒိယသံရုံးမှ ပထမ အတွင်းဝန်၊ ပြီးနောက် စကားပြန်တစ်ယောက်နှင့်အတူ ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ရှိလေရာ သွား ကြလေသည်။ မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)အရိုးပြာရှိသော နေရာကား တိုကျိုမြို့တော် နှင့် မိုင်လေးဆယ်ဝေးကွာသော Rankoji (အန်ကိုတီ) ဂျပန်ဘုရားရှိခိုးကျောင်း ၌ ဖြစ်လေသည်။ ကျွန်ုပ်တို့သည် မနက် ၁၀-နာရီခန့်တွင် ဆူဘတ်ချန်ဒရာဘို့(စ်)ရှိသောနေရာသို့ ရောက်ကြပါ တော့သည်။
အန်ကိုတီ ဂျပန်ဘုရားရှိခိုးကျောင်း အနီးတွင် သစ်ပင်ကြီးငယ်များရှိလေသည်။ ပတ်ဝန်း ကျင် ရှိ သစ်ပင်ကြီးငယ်များသည် စိမ်းလန်းစိုပြည်နေကြသည်။ အသံဗလံများကလည်း မရှိ။ အလုံးစုံသည် တိတ်ဆိတ်ပြီး ငြိမ်သက်နေလေသည်။ ဤသို့သောနေရာကား တရားကျင့် ဝါသနာ ထုံသူများအဖို့ လွန်စွာမှသင့်လျော်သည်။ (ဝါ) တနည်းအားဖြင့် လည်း အဆွေးဓါတ်ခံရှိသော အတွေးသမားများအဖို့တွေးစရာ၊ ဆွေးစရာ ဖြစ်၍နေလေသည်။ မျက်ဝါးထင်ထင်မြင်တွေ့ရသော ပတ်ဝန်းကျင် ကလည်း သာယာမှုအပေါင်းခညောင်း၍နေကြလေသည်။




ဤအန်ကိုတီဘုရားကျောင်းသို့ ရောက်လေသောအခါ အလွန် ကြည်ညိုဖွယ်ကောင်းသော ဂျပန်ဘုန်းတော်ကြီးနှင့်တွေ့ရသည်။ ဘုန်းတော်ကြီးကလည်း ဝတ်ပြုရန် အမွှေးတိုင်၊ ဖယောင်း တိုင်နှင့် မွှေးရနံ့ကြိုင်သင်းသော ပန်းများ ကျွန်ုပ်အားပေးပါသည်။ ဆူဘတ် ချန်ဒရာဘို့(စ်)၏ အရိုးပြာ ခံထားသော သေတ္တာလေးကလည်း အိန္ဒိယဝန်ကြီးချုပ် နေရူး ပြုလုပ်လှူဒါန်းသွားသော  ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေကျောင်းဆောင်လေးအတွင်း ဆိတ်ငြိမ်စွာ အိပ်ပျော်လျက် ရှိပေသည်။
ကျွန်ုပ်လည်း ဖယောင်းတိုင်ကို မီးညှိလိုက်လေသည်။ ပြီးလျှင် ဂျပန်တို့၏ ထုံးတမ်းစဉ်လာ အတိုင်း ကန်တော့ပါသည်။ ကျွန်ုပ်၏လက် ဖြင့် အမွှေးတိုင် မီးညှိလိုက်၏။ အမွှေးတိုင်၏ အမွှေးရနံ့ များက ကျွန်ုပ်၏နှာဝယ် လာပြီး ကလိ၍ နေကြလေသည်။ ထိုစဉ်ဝယ် ဂျပန်ဘုန်းတော်ကြီးက ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ကျောင်းဆောင်လေး၏ မှန်တံခါးကို ဖွင့်ပြလိုက်ပါသည်။ ဤတွင်ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါသည်။ သည်အခါ သမယဝယ် ကျွန်ုပ်၏ရင်ထဲဝယ် ဆို့၍တက်လာ၏။ အလွန်ကြီးမားသော ဝမ်းနည်း ကြေကွဲမှုများ စုပေါင်းပြီး ရင်ညွှန့်ပေါ်သို့ တက်လာကြခြင်းဖြစ်ဟန် တူပါသည်။
ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာများကို ကျွန်ုပ်သည် တွေတွေကြီး စိုက်ကြည့်နေ၏။ ယင်းသို့ကြည့်နေစဉ်၌ပင် မျက်ရည်ပူများသည် ကျွန်ုပ်၏ပါးပြင်ပေါ်သို့ လိမ့်၍လိမ့်၍ စီးဆင်းလာ ကြလေသည်။ ကျွန်ုပ်၏ အတွင်းအဇ္ဈတ္ထသန္တာန် စိတ်ထဲ၌.. “ဪ.... ကံဆိုးရှာသော ငါ့မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို မျက်ဝါးထင်ထင်တွေ့ရပါလျက်နဲ့ စကားလေးမှပြန် မပြောနိုင်တဲ့ ဘဝ ပေတကားဟူ၍ တွေးမိပြီး လွမ်းတသသ ဖြစ်ရပါ၏။
ဤအတောအတွင်းဝယ် ဂျပန်ဘုန်းတော်ကြီးက ကျွန်ုပ်၏အနားသို့ တိုးကပ်လာသည်။ ပြီးနောက် ပြောကြားသည့် စကားတစ်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးလာတုန်းက.. သူ့ခေါင်းဆောင်ကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကိုတွေ့တော့ ခု  ခင်ဗျားလိုပဲ မျက်ရည်တွေ ပြိုင်ပြိုင် ကျတယ်” ဟူ၍ ပြောပါသည်။
ကျွန်ုပ်သည် မိတ်ဆွေကြီးဆူဘတ်ချန်ဒရာဘို့(စ်)ကို လွန်စွာမှချစ်ခင်ပါသည်။  ပြီးနောက်မှ ဆူဘတ်ချန်ဒရာဘို့(စ်)ကို သတိရ၍ လွန်စွာဝမ်းနည်းသော စိတ်ဓါတ်ဖြင့် သူ့ကို ဆုတောင်းမေတ္တာ ပို့သလျက်ရှိပါသည်။ ဤတွင် ဂျပန်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ခေါင်းလောင်းတီးခြင်း၊ သားရေ ယပ်တောင်ကို တီးခတ်ခြင်းများပြုလုပ်လေသည်။ မြန်မာအမျိုးသားများ ကြေးစည်ထုသည့် သဘောမျိုးဖြစ်ပါသည်။ အလုံးစုံပြုလုပ်ဖွယ် ကိစ္စကြီးငယ်များ ပြုလုပ်ပြီးစီးလေသောအခါ၊ ဂျပန် ဘုန်းတော်ကြီးက တရားဓမ္မများကိုကျွန်ုပ်တို့အား ဟောကြားပါသည်။ ကျွန်ုပ်တို့ကလည်း တရားဓမ္မ များ နာကြပါသည်။ ဤအန်ကူတီ ဂျပန်ဘုရားရှိခိုးကျောင်းဝယ် တရားဓမ္မနာကြားနေရသည်မှာ နာရီဝက်ခန့် ကြာနေချိန်၌ စက္ကန့် မိနစ်တိုင်း ဝမ်းနည်းကြေကွဲမှုဖြင့် ရင်ဆိုင်၍နေရလေသည်။
ဂျပန်ဘုန်းတော်ကြီးဖတ်နေသော တရားဓမ္မကျမ်းစာအုပ်ကို ကျွန်ုပ်က အမှတ်မထင် ယူ၍ ကြည့်လိုက်မိသည်။ရေးသားထားသည့်စာများမှာ တရုပ်ရှေးဟောင်းစာပေဖြင့် ရေးသားထားသည် ကို တွေ့မြင်ရလေသည်။ ရေးသားထားသည့် အကြောင်းအရာကားချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံ ခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေတကား” ဟူသော မြန်မာစာပေထဲကစကားနှင့် ဆင်သလိုလို ရှိပါသည်။
ကျွန်ုပ်တို့မိသားစုသည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)ကို အလေးပြုပြီးနောက် ဘုရား ရှိခိုးကျောင်းထဲမှ ထွက်လာပါသည်။ အန်ကိုတီဘုရားကျောင်းအဝ၌ ရေးသားထားသော စာပိုဒ်မှာ.. Renkoji Temple: in which the ashes of Chandra Bose are preserved ဟူ၍ရေးသားထား သည်ကို တွေ့မြင်ရပါသည်။ (Kankoji (အန်ကိုတီ) ခေါ်ကြသည်။)
ဂျပန်ပြည် တိုကျိုမြို့အနီးက (အန်ကိုတီ) ဘုရားရှိခိုးကျောင်းဝယ် ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို အလေးပြုစဉ် မစ္စတာနေရူးသည် မျက်ရည်ကျခဲ့သည်။ သို့ကလို  ကျွန်ုပ်သည်လည်း မျက်ရည်ကျခဲ့ရသည်။ ကျွန်ုပ်၏မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) တစ်ယောက် သေကြပျက်စီး ခြင်း၏ တရားခံအစစ်သည် တခြားမဟုတ်၊ ကမ္ဘာပေါ်၌ ရှိရှိသမျှသော လူသားတိုင်း ကြောက်ရွံ့ နေသော (စစ်)ကြီးကြောင့်ပင်ဖြစ်လေသည်။
(ဆောင်းပါးတွင် ဆူဘတ်ချန်ဒရာဘို့(စ်)ဓါတ်ပုံ၊ ဟန္ဒီ မြန်မာ တရုပ် သတင်းစာမှ သတင်းဓါတ်ပုံများ၊ အင်္ဂလိပ်နေးရှင်းသတင်းစာ ၁၉၅၇-၁၂-၂၇ ပါ  စော်ဘွားစပ်စု စကားတည်”  ခေါင်းစဉ်ဖြင့် တိုကျိုမြို့ အိန္ဒိယသံရုံး ပထမအတွင်းဝန် Mr.D.Hejmadi အန်ကိုတီ နာယက ဘုန်း တော်ကြီး၊ ဦးစပ်စုနှင့်ဂျပန်မိတ်ဆွေ တို့၏ ဘုရားကျောင်းရှေ့တွင်ရိုက်ထားသောဓါတ်ပုံကိုလည်း ဖေါ်ပြထားပါသည်။)
+++++++
ဦးစပ်စု၏ ၁၂ နှစ်တိုင် မမေ့နိုင်” ဆောင်းပါး နှင့် “ကွေကွင်းကွဲကွာ” မှ  ကောက်နှုတ် ချက်အချို့ကိုဆက်လက်ဖေါ်ပြပါမည်။
ကျွန်ုပ်သည် မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်)အတွက် ဂျပန်ယမ် ၁၀ဝ၀ဝ လှူဒါန်း ခဲ့သည်။ကိုယ့်မိတ်ဆွေတစ်ယောက် အနေနှင့်လည်း အလေးပြုခဲ့ပါသည်။ ထို့ကြောင့်လည်း လုပ် သင့် လုပ်အပ်သောကိစ္စဝိစ္စကြီးတစ်ခု ပြီးမြောက်သွား၍ လွန်စွာမှ ဝမ်းသာကြည်နူး နေမိလေသည်။
ထို့နောက်ပိုင်းတွင်မူ ဂျပန်ပြည်၌ နေနိုင်ခွင့်ရှိသော အချိန်ပိုများကို ကျွန်ုပ်နှင့်အမျိုးတူသော တရုပ်အမျိုးသားများ၊ ဂျပန်ခေတ်ဝယ် ဗမာပြည်သို့ လာရောက်အုပ်ချုပ်ဖူးသည့် စစ်မှုထမ်းဟောင်း များ၊ ဂျပန်အမျိုးသား မိတ်ဆွေများနှင့် ထပ်မံ၍ တွေ့ရလေသည်။ သူတို့နှင့်တွေ့ဆုံခြင်းကား ကိုယ့်မိတ်ဟောင်း ဆွေဟောင်းများနှင့် တွေ့ရသကဲ့သို့ ဖြစ်နေလေသည်။ သူတို့နှင့်အတူ ကျွန်ုပ် သည် ဂျပန်ပြန်တစ်ပြည်လုံးကို လျှောက်၍လည်ပတ်ကြ၏။ ( ဦးစပ်စုနှင့်အတူ ဂျပန်စစ်ပြန်များနှင် ဂျပန်မိတ်ဆွေများ၊ အောင် = Ong မျိုးနွယ်တူ တရုပ်မိတ်ဆွေများ၊ နေတာဂျီ ဆူဘတ်စ်ချန်ဒရာ ဘို့စ်  အကြောင်း သဲလွန်စများကို ဂျပန်ရွာများ၌ လိုက်လံ စုံစမ်းကြသည်ဟုလည်း သိခဲ့ရဘူး ပါသည်။)
ကျွန်ုပ်၏ လွန်စွာချစ်ခင်သော မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) ပျက်စီးဆုံးရှုံးရခြင်း၏ တရားခံ အစစ်သည်ကား “စစ်” ပင်တည်း။ စစ်ဟူသည် ကမ္ဘာပေါ်ရှိ လူသားများကို ဘယ်အခါ သမယမျှ ကောင်းကျိုးမပြု။ သားတစ်ကွဲ မယားတစ်ကွဲ၊ မိတ်ဆွေအပေါင်းအသင်းချင်းလည်းကွဲ၊ ချစ်သူချင်း လည်း ကွဲစေနိုင်ပေသည်။ ဤမကောင်းသောစစ်ကြီးကပင် ကျွန်ုပ်နှင့် ဆူဘတ်ချန်ဒရာ ဘို့(စ်)ကို ဒီတစ်သက်တွင် ဘယ်တော့မျှ မတွေ့ရလေအောင် ခွဲလိုက်ပေတော့သည် တကား။   
ကျွန်ုပ်သည် အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူးနှင့် တွေ့သောအကြိမ်သည် လွန်စွာမှ နည်း ပါးခဲ့၏။ ကျွန်ုပ်ကိုယ်တိုင်ကလည်း အိန္ဒိယသို့သွားရန် ပြည်ဝင်ပြည်ထွက်လက်မှတ် ပြုလုပ်ထားပြီး ဖြစ်ပါ၏။ အိန္ဒိယပြည်သို့ ရောက်လေသောအခါ မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) မွေးရပ်မြေ ဖြစ်သော ကလကတ္တားမြို့  (Sughar) သို့ သွားမည်။ ပြီးလျှင် မိတ်ဆွေကြီး၏ ဆွေမျိုးများနှင့် လည်း တွေ့ဆုံပေဦးမည်ဟု ကြံရွယ်ထားသည်။
ကျွန်ုပ်ထင်သည်။ ဤမကောင်သောစစ်ကြီးကြောင့် ကမ္ဘာကြီးဝယ် မီးဟုန်းဟုန်းတောက်စဉ် ဝယ် ကျွန်ုပ်ကဲ့သို့  မိတ်ဆွေကောင်းများနှင့် “ကွေကွင်းကွဲကွာ”သောသူပေါင်း ဒုနှင့်ဒေး ရှိပေမည်။ စစ်ဖြစ်သော အခါသမယကျလေမှ  ငြိမ်းချမ်းခြင်း၏အရသာကို ကောင်းကောင်းကြီး သိရသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေပြင်ဝယ်  မကောင်းသောစစ်ကြီးပ ပျောက်ပြီး ကောင်းသော ငြိမ်းချမ်းရေး ရောက်ပါစေဟူ၍ အစဉ်အမြဲ ဆန္ဒပြုလျက်ရှိပါပေ၏။
ကျွန်ုပ်မှတ်သားမိသမျှ ဗမာပြည်တွင် ဗမာ၊ တရုပ်၊ အိန္ဒိယအမျိုးသား ဤသုံးဦးညီညွတ်ခဲ့ သော သမယမှာ ဂျပန်ခေတ်တွင်ဖြစ်လေသည်။ ထိုစဉ်က ဗမာ့တပ်မတော် ရန်ပုံငွေထည့်ဝင်ခြင်း ကိုပင် လေလံဆွဲသကဲ့သို့ သူ့ထက်ငါများလေအောင်အပြိုင်ကြဲခဲ့ကြပါသည်။  ဤစေတနာ ဤစိတ်ဓါတ် အစဉ်အမြဲရှိနေပါက ဤလူမျိုးသုံးဦးသည် အမြဲညီညွတ်ပြီး  ထာစဉ် ချစ်ကြည်၍ နေကြပေမည်မှာ မလွဲပေ။
+++++++++
အထက်ပါကောက်နှုတ်ချက်များအရ ဂျပန်စကားနှင့်နီးစပ်သော တရုပ်ရှေးဟောင်းစာပေ စကားတတ်ကျွမ်းသူ လန်ထောင်ဟော်တယ်ပိုင်ရှင် ဦးစပ်စု သည်  ဂျပန်ရေးရာများ၌ မြန်မာ့ ခေါင်းဆောင် ကြီးများနှင့် လွတ်လပ်ရေးလှုပ်ရှားသူများ၊ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်  နှင့်  INA (Indian National Army) အဖွဲ့သား များတို့ကို မိမိကျွမ်းကျင်ရာများနှင့်ကူညီရင်း အိန္ဒိယခေါင်းဆောင်ကြီး   နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်  အပေါ် အထူးချစ်ခင် လေးစားခဲ့ ကြောင်း ပေါ်လွင်ပါသည်။ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်  ပျောက်ဆုံးမှုအပေါ် အထူးအာရုံ စိုက်ခဲ့ပြီး နေတာဂျီ ဆူဘတ်စ် ချန်ဒရာဘို့စ်  အားထိုက်ထိုက်တန်တန် ဂုဏ်ြုပရေးကိုလည်း အထူးလိုလားသူဖြစ်ကြောင်း သိသာပါသည်။  မစ္စတာနေရူးတို့ကဲ့သို့ပင် အန်ကိုတီ ဘုရားကျောင်း တွင်  နေတာဂျီ ဆူဘတ်စ် ချန်ဒရာဘို့စ် အတွက်မျက်ရည်ကျခဲ့သူတဦးဖြစ်ခဲ့ပြီး  နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်  ၏အရိုးပြာ များ ဂျပန်ပြည်မှ အိန္ဒိယပြည်သို့ ပြန်လည်သယ်ဆောင် မည့်၏အဖွဲ့ကိုလည်း ၁၉၆၆ကွယ်လွန်ချိန် အထိ မျက်ရည်တလည်လည် စေါင့်စားမျှော်လင့် ခဲ့သူတဦးဖြစ်ပါသည်။
သို့သော်ထိုစဉ်က ဦးစပ်စုမျှော်လင့်သလို  အိန္ဒိယတပြည်လုံးရှိ ပြည်သူပြည်သားများ ဆန္ဒ တူညီစွာ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်ပျောက်ဆုံးမှုပြဿနာ မျက်ရည်စများ မသိမ်းနိုင်ကြ သေးသော်လည်း ယခုသက္ကရာ် ၂၀ဝ၀ကျော်ကာလများတွင်မူ တရုပ် ဂျပန် ကိုရီးယား အာဆီယမ် အီးယူ အမေရိကန် စသောနိုင်ငံပေါင်းစုံမှ ခရီးသည်များနှင့် စည်ကားနေသော၊ ငြိမ်းချမ်းရေး  နှင့်ဒီမိုကရေစီကို လိုလားသူအပေါင်း၏ ဝမ်းသာဝမ်းနည်း မျက်ရည်များကို လွတ်လွတ်လပ်လပ် စီးကျဖြေသိမ့်ရာဖြစ်နေသော၊ နေတာဂျီ  ဆူဘတ်စ်ချန်ဒရာဘို့စ်အား နတ်ဘုရားတဦးအဖြစ် တိုင် တည်ကာ စစ်အမျိုးမျိုးမှ ကင်းဝေးပြီး ငြိမ်းချမ်းရေးအမျိုးမျိုးရရှိစေကြောင်း ဆုတောင်း သံဝေဂယူ တရားဘာဝနာပွားများရာ အရပ်ဖြစ်နေသော၊ တိုကျိုမြို့မှ မိုင် ၄၀ အကွာရှိ အန်ကိုတီ ဘုရား ကျောင်းသည် ဂျပန်နိုင်ငံ၏ သမိုင်းဝင် အထင်ကရ နေရာတနေရာဖြစ်လာကာ  နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်  အတွက် တနည်းတလမ်း ဂုဏ်ြုပရာရောက်လျက်ရှိပါပြီ။
ထို့အတူ ယခုလောလောဆယ်၌ နေတာဂျီ၏မိတ်ဆွေကြီး  ဗိုလ်ချုပ်အောင်ဆန်း၏ လိုလား ချက်အတိုင်း မြန်မာတပြည်လုံး မျက်ရည်စများသိမ်းနိုင်ကာ ငြိမ်းချမ်းရေး နှင့်ဒီမိုကရေစီ အနှစ် သာရ များ ခံစားကြရခြင်း အပြည့်အ၀ မရှိကြသေးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး မယိမ်းမယိုင်း လှုပ်ရှားနေသူအပေါင်း အတွက်မူ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်သည့်  “နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆု” သည် ဝမ်းနည်းမှုမျက်ရည်များကြားမှ ဝမ်းသာအားတက်မှု ဂုဏ်ြုပအပြုံးများကို ဖြစ်ပေါ်စေပါကြောင်း ဤ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် အတွက်ကျသော မျက်ရည်များ ဆောင်ပါးဖြင့် နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဆုရ ဒေါ်အောင်ဆန်းစုကြည်နှင့် နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်၏အသက် ၁၁၀-ပြည့်မွေးနေ့ အထိမ်းအမှတ်  အဖြစ်ဂုဏ်ပြုရေးသားအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အဖမ်းအဆီးခံ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဆောင်ရွက်သူများ အမြန်ဆုံး လွတ်မြောက်၍ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ် နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့မျှော်မှန်း ခဲ့သည့်အတိုင်း အိန္ဒိယပြည်သူပြည်သားများနှင့် မြန်မာပြည်သူပြည်သားအားလုံး လူမှုဒုက္ခ အပေါင်းမှ အစဉ်ကင်းဝေးနိုင်ကြပါစေသတည်း။   ။ 

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေးဖြင့်၊ အေးငြိမ်းချမ်းသာ ရကြပါစေ။
လန်ထောင်စပ်စုလေး

No comments:

Post a Comment